Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ဘာသာပြန်သီချင်း. Show all posts
Showing posts with label ဘာသာပြန်သီချင်း. Show all posts

Thursday, October 17, 2013

Happy Birthday Eminem "17 October"

Eminem မွေးနေ့အမှတ်တရ ၂၀၀၉ လောက်က ရေးဖူးခဲ့တဲ့ သီချင်းစာသားလေးပြန်တင်လိုက်ပါတယ်။

"Happy Birthday Eminem"
ကျွန်မ သိပ်ကြိုက်တဲ့ Eminem ရဲ့ Mockingbird ဆိုတဲ့ ရက်ပ်သီချင်းဟောင်းတစ်ပုဒ်ပါ။ အဲဒီသီချင်းကို ပထမဆုံးနားထောင်ဖြစ်တဲ့အချိန်ကစပြီး ခုချိန်ထိ ဘယ်အချိန်နားထောင်၊ နားထောင် ကြိုက်နေတုန်းပါပဲ။ ရက်ပ်စစ်စစ်ကြီးတွေ နားထောင်လို့မရပေမဲ့ ဒီလူတွေရဲ့ ဂီတက လျှော့တွက်လို့မရလှဘူး။ အမ်မီနမ်ရဲ့ သီချင်းစာသားတွေ လိုက်ဆိုကြည့်မိတဲ့သူတွေ ဒီပိုစ့်ဖတ်မိတဲ့သူထဲမှာပါရင် အသေအချာ နားလည်မှာပါ။ ဘယ်အချိန်အသက်ခိုးပြီး ရှုသွားလိုက်မှန်းမသိနိုင်လောက်အောင်ကို ဆိုသွားတာများ အင်မတန်ပါးပါးနပ်နပ်ရှိလှတဲ့ ရက်ပ်သမားတွေပါပဲ။ ကျွန်မ ဂီတကို တိတိကျကျကြီး နားမလည်လှပါဘူး။
သီချင်းနားထောင်လို့ကောင်းရင် အကုန်ကြိုက်လိုက်တာပဲ။ ဂီတအမျိုးအစားတောင်မရွေးမိဘူး။
Mockingbird ကိုတော့ အတီးစ၀င်လာတာကနေ စပြီးကြိုက်တာ။ အတီးကိုစကြိုက်ပြီး စာသားတွေဖတ်ကြည့်တော့ တော်တော်သဘောကျသွားတာနဲ့ပဲ။

Mockingbird အကြောင်း ဟိုဟိုဒီဒီမွှေနှောက်မိတာလေး လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

Mockingbird ဆိုတာ အမေရိကန်မြောက်ပိုင်းမှာတွေ့ရတဲ့ တေးဆိုငှက်တစ်မျိုးပါတဲ့။
ဒီငှက်က တခြားငှက်တွေရဲ့ အသံမျိုးတုပပြီးလိုက်ဆိုတတ်သေးတယ်။
ဒါနဲ့ပဲ သူ့ကို ပြောင်ချော်ချော်ငှက်လို့အမည်ပေးထားတာထင်ပါရဲ့။
Mockingbird သီချင်းဟာ အမ်မီနမ် ရဲ့ Encore အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပါ။ US Music Chart မှာ နံပါတ် 11၊ UK မှာတော့ နံပါတ် 4 အဆင့်ရောက်ခဲ့ပြီး၊ Best Rap Solo Performance အတွက် ဂရမ်မီဆုဇကာတင်အဆင့်ရွေးချယ်ခံရတယ်။ ဒါပေမဲ့ Kanye West ရဲ့ Gold Digger ကိုတော့မကျော်နိုင်ခဲ့ပါဘူး။

ဒီသီချင်းဟာ အမ်မီနမ်က သမီးလေး ဟေလီဂျိတ်ဒ်ကို ရှင်းလင်းပြောပြနေဟန်ဆိုထားတာပါ။ ဟေလီရဲ့မေမေ ကင်မ်မက်သားစ်နဲ့ အမ်မီနမ်တို့ ရုန်းကန်ရတဲ့ဒုက္ခတွေကိုလည်း ညည်းတွားရေရွတ်ထားသေးတယ်။ သီချင်းတစ်ပုဒ်လုံးမှာအမ်မီနမ်ရဲ့ ဗရုတ်ဗရက်ဖစ်နေခဲ့တဲ့ဘ၀ကို ဆက်တိုက်ပြောနေခဲ့တယ်။ ကင်မ်ကလည်း အဝေးကိုထွက်သွားလိုက်ပြီ၊ ပြဿနာတွေနဲ့ဝရုန်းသုန်းကားဖြစ်နေခဲ့တဲ့ အမ်မီနမ်က သမီးလေးဟေလီကိုပြောတယ်။ “ဒက်ဒီ ရောက်နေပြီပဲ အားလုံးကောင်းသွားတော့မှာပါ” တဲ့

သီချင်းထဲမှာ သမီးလေးလိုချစ်တဲ့တူမလေး အယ်လီနာကိုလဲ စကားတွေပြောထားပါသေးတယ်။ ဗီဒီယိုမှာတော့ ဟေလီနဲ့လိုင်နီတို့ရဲ့မျက်နှာတွေကို ခပ်ဝါးဝါးလုပ်ထားတယ်။ အမ်မီနမ်ရဲ့စိတ်ကူးယဉ်မဟုတ်တဲ့ တကယ့်အဖြစ်အပျက်ကိုချပြထားတဲ့ သီချင်းပါ။ အမ်မီနမ်ကတော့ ယောင်ဝါးဝါးလုပ် ငြင်းဆိုချင်ဟန်နဲ့ “ဒါ သီချင်းတစ်ပုဒ်ပါပဲ” လို့ဆိုတယ်။ ဒါပေမဲ့ ဒီသီချင်းဆိုရင်း ငိုကြွေးခဲ့ရတာတော့ ၀န်ခံထားတယ်။ သီချင်းဆုံးခါနီးမှာ Don’t F--- with Dad လို့ဆိုထားပေမဲ့ Mockingbird single ခွေမှာ Parental Advisory Sticker ကပ်မထားပါဘူး။ သီချင်းအဆုံးမှာဖြစ်တာရယ်၊ တခြားအမ်မီနမ်ရဲ့သီချင်းတွေမှာ အဲဒီစကားလုံးတွေ အကြိမ်ပေါင်းများစွာပါတတ်တာကြောင့် ဒီသီချင်းကိုတော့ Recording Industry Association of America (RIAA)က ဥပေက္ခာပြုထားလိုက်တာဖြစ်ပါလိမ့်မယ်။
(Mocking Bird သီချင်းစာသားကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်)

တခါတရံ အရာခပ်သိမ်းကို သမီးလေးနားလည်သဘောပေါက်ဖို့ ခက်နေမှာကို ဒက်ဒီသိပါတယ်။
“ဟေး ဒက်ဒီ မင်းကိုအမြဲဘာပြောလဲ”
စစ်သားငယ်လေးရယ် ကျောကိုဆန့်ဆန့်မတ်မတ်ထားရင်း၊ သမီးရဲ့နှုတ်ခမ်းတွေကိုလည်း ခပ်မဲ့မဲ့ကွေးညွှတ်မနေဘဲ တင်းတင်းစေ့ထားပေးပါ။ ဘာကြောင့်ငိုနေမှာတဲ့လဲ။
ဒက်ဒီ မင်းအနားမှာရှိနေပြီပဲ။ ဟေလီ... ဒက်ဒီသိတာပေါ့၊ မင်းရဲ့မေမေကို လွမ်းနေမယ်။ ပြီးတော့ ဒက်ဒီ့ကိုလည်း လွမ်းနေမှာ ဒက်ဒီသိတာပေါ့။
ဒက်ဒီ သွားခဲ့ရတာက ဒက်ဒီဘယ်တော့မှ မရခဲ့ဘူးတဲ့ ဘ၀မျိုး သမီးကိုပေးချင်လို့ပါ။
သမီးပြုံးနေတဲ့အချိန်၊ ရယ်မောနေတဲ့အချိန်မှာတောင် စိတ်ထဲမှာတော့ ၀မ်းနည်းအားငယ်နေမှာ
ဒက်ဒီသိနိုင်တယ်။ သမီးရဲ့မျက်လုံးတွေထဲ ဒက်ဒီကြည့်ရင်း အတွင်းစိတ် ဟိုး ... နက်နက်ရှိုင်းရှိုင်းနေရာမှာ သမီး ငိုချင်နေတယ်ဆိုတာ ဒက်ဒီမြင်နေနိုင်ပါတယ်။ သမီးကြောက်ရွံ့နေတဲ့ အချိန်တွေမှာ ဒက်ဒီရှိမနေနိုင်ခဲ့ဘူး၊ ကဲ ထပ်ထပ်ပြီး ငိုမနေပါနဲ့တော့၊ မျက်ရည်တွေကိုသုတ်လိုက်ပါတော့၊ ဒက်ဒီ မင်းအနားကို ခုရောက်လာပြီ၊
အိမ်မက်ဆိုးတွေနောက်ထပ်ရှိမလာနိုင်တော့ဘူး၊
ဒက်ဒီတို့ အတူတူ ဒါတွေကိုကျော်ဖြတ်ကြမယ်။
လိုင်နီ ... အန်ကယ်က အရူးပဲမဟုတ်လား၊ ရူးတယ်ပဲထားပါဦး မင်းကိုလည်း သိပ်ချစ်တယ်ဆိုတာ ရေရေလည်လည် နားလည်သဘောပေါက်ထားရမယ်။

ကမ္ဘာကြီးဟာ လူးလိမ့်နေတဲ့အခါတိုင်း၊
ကမ္ဘာကြီးဟာ ရစ်ခွေမွှေနှောက်နေတဲ့အခါတိုင်း၊
ကမ္ဘာကြီးဟာ တ၀ဲဝဲတလည်လည်ခါယမ်းနေတဲ့အခါတိုင်း
ကမ္ဘာကြီးလှုပ်ခါနေသလို ဒက်ဒီတို့ဘ၀တွေဟာလည်း ရီဝေယိမ်းထိုးနေရတာပါပဲ။ 
ဒါတွေက သမီးတို့ကို နားရှုပ်စေမှာ ဒက်ဒီသိတယ်။ ဒက်ဒီက အမြဲလှုပ်ရှားရုန်းကန်နေရတယ်၊ မင်းတို့ မာမီကလည်း သတင်းတွေပဲ ထိုင်စောင့်ကြည့်နေရတယ်။
သမီးတို့ကို အရိပ်ကောင်းကောင်း အုပ်မိုးပေးဖို့ကြိုးစားလိုက်တိုင်း ပိုပိုပြီး လုပ်ရကိုင်ရ ခက်ခဲလာတာချည်းပဲ။ 
ဒက်ဒီ့ရဲ့ ခုလို ကို့ရို့ကားယားပုံပမ်းမကျနတဲ့ ဘ၀ကို သမီးတို့ကို မမြင်မတွေ့စေချင်ပါဘူး။ ခုတော့ မရှောင်နိုင်ပါဘူး၊ မင်းတို့ရဲ့ မာမီနဲ့ဒက်ဒီတို့အခြေအနေတွေ ပိုပိုပြီးဆိုးဝါးလာနေပြီ။ ဒက်ဒီတို့က ဆယ်ကျော်သက်တွေလို ကတောက်ကဆဖြစ်ခဲ့ကြတာကို သမီးတို့ မြင်တွေ့ခဲ့ကြပြီ။ အရာရာတိုင်းဟာ အကြောင်းပြချက်တစ်ခုကြောင့် ဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပဲ ဖြစ်ဖြစ်လာတတ်တာပဲ။
သမီးရေ၊ ဘယ်တုံးကမှ ဒီလိုမရည်ရွယ်ခဲ့ပေမဲ့ မင်းရဲ့မာမီနဲ့ ဒက်ဒီတို့ အခြေအနေကောင်းကို မထိမ်းသိမ်းနိုင်တော့ပါဘူး။ ဒက်ဒီတို့ရဲ့ ရည်မှန်းချက်က ဘာတဲ့လဲ။

ဘာပဲဖြစ်ဖြစ်ပါ မစိုးရိမ်ပါနဲ့၊  ခေါင်းအေးအေးထားပြီး အိပ်လိုက်ကြပါဦး၊ တစ်နေ့တော့ ဒက်ဒီတို့ ပြန်လည်သင့်မြတ်ကြမှာပါ။ အဲဒီနေ့ကျရင် ဒါဟာ အိမ်မက်တွေဖြစ်ကုန်ပါလိမ့်မယ်။

နှုတ်ဆိတ်နေတဲ့ သမီးလေးရေ၊ တိတ်တိတ်လေး မငိုကြွေးနေပါနဲ့တော့၊
အားလုံးကောင်းသွားတော့မှာပါ။
နှုတ်ခမ်းတွေ တင်းတင်းစေ့ထားပေးပါ၊
ဒက်ဒီ - မင်းကို ထွေးပွေ့ဖို့ ဒီည အရောက်လာခဲ့မယ်၊
ခုတော့ မာမီ မရှိပါဘူး။ ဘာကြောင့်လဲ ဒက်ဒီတို့ မသိကြဘူးမဟုတ်လား၊
ဒက်ဒီတို့ရဲ့ အတွင်းစိတ်မှာ စူးစူးနစ်နစ် ခံစားနေရတာကိုတော့ ဒက်ဒီတို့ခံစားမိကြတာပဲ။
ရူးကြောင်ကြောင်ဖြစ်နေရတဲ့သမီးအလှလေးရေ- ဒက်ဒီ ကတိပေးနိုင်တယ်ကွဲ့၊
မာမီ အားလုံးအဆင်ပြေမှာကိုပေါ့။

ဒါ ရယ်စရာပါပဲ .....
ပြန်သတိရမိပါသေးရဲ့ တစ်နှစ်ကပေါ့၊ ဒက်ဒီ့မှာ ပိုက်ဆံ မရှိဘူး။ ခရစ်စမတ်ကာလဆိုတော့ မာမီက ခရစ်စမတ်လက်ဆောင်တွေကို သစ်ပင်မှာ သူ့ဘာသာချိတ်ဆွဲရင်း ဒက်ဒီပေးတဲ့ လက်ဆောင်တွေပါလို့ ပြောခဲ့တယ်။ ဒက်ဒီကတော့ တကယ့်ကို ဘာဆိုဘာမှ မ၀ယ်နိုင်ခဲ့ပါဘူး။
အဲဒီ ခရစ်စမတ်ကို ဒက်ဒီမမေ့ဘူး၊ ဒက်ဒီက တေလေကြမ်းပိုးတစ်ယောက်ဖြစ်နေပြီလို့ ခံစားနေရပြီး ခရစ်စမတ်ပင်ရှေ့ တစ်ညလုံးထိုင်ငိုနေခဲ့ရတယ်။ ဒက်ဒီ့မှာ အလုပ်တော့ရှိပါရဲ့၊ ဒက်ဒီ့အလုပ်က သမီးနဲ့ မာမီ စားစရာဟင်းလျာတွေ စားပွဲပေါ်တင်ပေးရတဲ့အလုပ်ပဲ မဟုတ်လား၊

အဲဒီအချိန် ဒက်ဒီတို့ရဲ့အိမ်တွေက မလုံခြုံတော့ တံခါးတွေရိုက်ချိုးပြီး လုယက်မယ့်သူတွေ ကျူးကျော်လာကြပါလေရော၊ သမီးရဲ့မာမီက ၀က်ရုပ်စုဗူးလေးလုပ်လို့ ပိုက်ဆံတွေစုထားတယ်။ အဲဒီပိုက်ဆံတွေဟာ သမီးကြီးလာရင် ကောလိပ်ပို့မယ့် ပိုက်ဆံတွေ၊ ဒေါ်လာတစ်ထောင်ခန့်ရှိမှာပပဲ။ လူဆိုးတွေ ... အားလုံးယူသွားကြတယ်၊ ဒက်ဒီသိပါတယ်။
အဲဒီ အဖြစ်အပျက်ဟာ မာမီ့ကို စူးစူးနစ်နစ် ထိခိုက်သွားခဲ့တယ်ဆိုတာကိုပေါ့။ အဲဒီအချိန်ကစပြီး မာမီနဲ့ ဒက်ဒီ ဝေးကွာဖို့ စတင်လာခဲ့ကြတာပါပဲ။ မာမီနဲ့ ဒက်ဒီတို့ တချိန်လုံး ကတောက်ကဆ ဖြစ်ခဲ့ကြတယ်။ နောက်တော့ သမီးရဲ့မာမီက Chalmers က အိပ်ခန်းတစ်ခန်းပဲပါတဲ့ တိုက်ခန်းကို ပြောင်းနေသလို ဒက်ဒီကလည်း မာမီနဲ့ဝေးရာ တခြားတစ်နေရာဆီ၊ Novora က 8 Mile ဆီ ဒက်ဒီ ထွက်သွားလိုက်တယ်။ အဲဒီနောက်ပိုင်း ဒက်ဒီရဲ့ စီဒီ ကိုယူပြီး ကယ်လီဖိုးနီးယားကိုသွားတယ်။ Dr.Dre နဲ့ တွေ့ဆုံဖြစ်တယ်။

မာမီနဲ့သမီး ဒက်ဒီ့ကိုတွေဖို့လိုက်လာကြတယ်ဆိုတာဒက်ဒီသိတယ်၊  ဒက်ဒီအလုပ်တွေ အများကြီးလုပ်ဖို့ရှိတယ်၊ အဲဒီတော့ အချိန်မပေးနိုင်တဲ့ ဒက်ဒီ့ကို မာမီကစွန့်ခွာခဲ့တယ်။
နောက်ပိုင်းမှာတော့ သမီး ဒက်ဒီ့ကို တီဗီ မှာ ဘွားခနဲမြင်လိုက်ရတယ်မဟုတ်လား၊
မာမီကတော့ ဒါကို မကြိုက်လှပါဘူး၊ သမီးနဲ့လိုင်နီကတော့ နားလည်နိုင်မှာ မဟုတ်သေးဘူး၊
ဒက်ဒီက လိမ့်နေတဲ့ဂေါ်လီတစ်လုံးလိုပဲ၊ မာမီကလည်း ဒက်ဒီနဲ့ဝေးကွာစေမယ့် အကြောင်းတရားတွေပဲ သူ့စိတ်အာရုံမှာ တချိန်လုံးမွေးမြူနေတော့တယ်။
သမီးလေး - ဒက်ဒီ တကယ် စိတ်မကောင်းပါဘူးကွယ်၊
ဒက်ဒီ အလုပ်နဲ့သက်သေပြဖို့ ကမ်းလှမ်းလာတဲ့ပထမဆုံးလက်တစ်ဘက်ကို လက်လွှတ်မခံနိုင်ဘူး၊
ဒက်ဒီလုပ်ချင်သမျှ အရာအားလုံးဟာ သမီးလေး ဂုဏ်ယူနိုင်ဖို့အတွက်ပါ။
အခုတော့ ဗလာဟင်းလင်း အိမ်ထဲမှာထိုင်ရင်း အတိတ်ကို ပြန်သတိရနေဖို့ပဲရှိတော့တယ်။
သမီး ငယ်ငယ်က ပုံလေးတွေကြည့်ရင်း သမီး ဘယ်လောက်တောင်ကြီးပြင်းလာပြီလဲဆိုတာ မြင်ချင်လှပါပြီ၊ သမီးတို့ဟာ ညီအစ်မတွေလိုဖြစ်နေကြပြီလား၊ မှန်းဆကြည့်လိုက်ပါရစေဦး။

သိပ်လှတဲ့ သမီးငယ်လေးရေ ဒက်ဒီရောက်နေပြီ၊
လိုင်နီ ...  မင်းကိုလည်း ပြောချင်ပါရဲ့ ... ဒက်ဒီ မင်းတို့အနားရောက်လာခဲ့ပြီ။
ဒက်ဒီ သိပ်ကြိုက်တဲ့အသံတွေလည်းကြားချင်လှပါရဲ့၊
လက်စွပ်တစ်ကွင်းလည်း ပါလာတယ်။
ရှုး- တိတ်တိတ်နေကြပါ - မာမီသွားတာ ခဏတာပါ။

ဟေလီ - သမီးသာအလိုရှိမယ်ဆိုရင် ဒက်ဒီ သမီးအတွက် တေးဆိုငှက် ပြောင်ချော်ချော်လေး
ဝယ်ပေးမယ်ကွဲ့၊
သမီးအတွက် ကမ္ဘာကြီးကိုလည်း ပေးပါမယ်၊
စိန်လက်စွပ်တစ်ကွင်း သမီးအတွက် ၀ယ်ပေးဦးမယ်၊
သီချင်းတစ်ပုဒ်လည်း သမီးအတွက် ဆိုပြပါရစေဦး၊
သမီးရဲ့အပြုံးကို မြင်ရဖို့ ဒက်ဒီ ဘာမဆို လုပ်ဝံ့ပါတယ်။
တေးဆိုငှက်လေးက သီချင်းမဆိုတတ်ဘူးဆိုရင်-
အဲဒီလက်စွပ်က စိန်ပွင့်လေး တလက်လက်တောက်ပမနေခဲ့ဘူးဆိုရင်-
အဲဒီ ငှက်ပြောင်ချော်လေးရဲ့ လည်ဂုတ်ကိုချိုးပစ်မယ်ကွဲ့၊
ပြီးတော့ ရတနာဆိုင်ကိုလည်း ပြန်သွားလိုက်မယ်။ ခပ်မွဲမွဲလက်စွပ်ရောင်းလိုက်တဲ့လူကို
ရွှေချိန်တွေပဲ တချိန်လုံးမဆန့်မပြဲ ဆက်ပြီးဝါးမျိုနေဖို့ တစ်ခုခုတော့ လုပ်ပစ်ခဲ့မယ်။

ဟား ဟား ... ဒက်ဒီ့ကို လာမညိလိုက်ပါနဲ့။

Sunday, June 26, 2011

"ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ"

ဇွန်လ ၂၅ရက်နေ့(မနေ့က) မိုက်ကယ်ဆုံးပါးသွားတာ ၂နှစ်ပြည့်သွားခဲ့ပါပြီ။ မနေ့က သတင်းမကြည့်လိုက်ရတော့ မေ့နေတယ်။
မိုက်ကယ် ရေးထားတဲ့ Billie Jean သီချင်းအကြောင်း ပိုစ့်ကို မိုက်ကယ်အမှတ်တရ ပြန်တင်လိုက်ပါတယ်။ (အမှန်က စာအသစ်မရေးဖြစ်လို့ပါ)
Remember the time, Michael !!!


ပေါ့ပ်ဘုရင် လို့ နာမည်တွင်တဲ့ အမေရိကန်ဂီတသမား မိုက်ကယ်ဂျက်ဆန်(မိုက်ကယ်ဂျိုးဇက်ဂျက်ဆန်- သြဂုတ် ၂၉-၁၉၅၈ - ဇွန် ၂၅, ၂၀၀၉))ကတော့ ငြိမ်းချမ်းတဲ့ ယေရှုခရစ်ရဲ့ အိမ်တော်မှာ ထာဝရ အနားယူသွားပါပြီ။ ဂျက်ဆန်ဟာ သူ ပြုလုပ်ခဲ့တဲ့ ဂီတဖျော်ဖြေပွဲမှန်သမျှ အောင်မြင်ခဲ့လို့ ဈေးကွက်ဝင်အောင်မြင်တဲ့ ဖျော်ဖြေတင်ဆက်နိုင်သူ တွေထဲက တစ်ယောက်လို့လဲ နာမည်ကြီးပြန်တယ်။ ၁၉၇၁ မှာ သူ့ရဲ တစ်ကိုယ်တော် ဂီတလမ်းကြောင်းကို စတင်ခဲ့တယ်။ ၁၉၆၄ ခုနှစ်ထဲက The Jackson 5 အဖွဲ့သားအဖြစ် သီချင်းအယ်လ်ဘမ်ထုတ်ခဲ့ပြီးပါပြီ။ ဂျက်ဆန်ရဲ့အောင်မြင်မှုတွေ၊ ကျဆုံးမှုတွေ က အနိမ့်အမြင့် အတက်အကျ ကွာဟ လွန်းတယ်၊ ချီးမြှောက်မှုတွေ၊ ပြစ်တင်ရှုံ့ချမှုတွေကလဲ ဂျက်ဆန်ရဲ့ဘ၀မှာ ပြည့်သိပ်နေတာပါပဲ။ ဂျက်ဆန်ရဲ့အောင်မြင်ခဲ့တဲ့
သီချင်းတွေထဲမှာ Thriller, Bad, Beat it, Heal the World, Black or White, I just can't stop loving you, We are the world, You are not alone, Remember the Time, I'll be there သီချင်းတွေက မြန်မာပရိသတ်တွေ နှစ်ခြိုက်သဘောကျ နားစွဲနေခဲ့တဲ့သီချင်းတွေပါ။ I'll be there ကတော့ Jackson 5 ရဲ့ အဖွဲ့သားအဖြစ် ဂျက်ဆန်ပါဝင်သီဆိုခဲ့တဲ့သီချင်းဖြစ်ပြီး ပေါ့ပ် အဆိုတော် မာရေးယာကာရေး နဲ့ R&B အဆိုတော် ထရေးလောရန့်ဇ်တို့ လဲ ပြန်ဆိုထားကြတယ်။ ဂျက်ဆန် စန္ဒရားနဲ့သီဆိုထားတဲ့ I'll be there ဗီဒီယိုမှာ ဂျက်ဆန်က
စန္ဒရားတီးရင်း "I'll reach out my hand to you, I'll have faith in all you do" ဆိုပြီး သီချင်းကိုစထားတယ်။ ပြီးတော့ စန္ဒရားအတီးရပ်ကာ နောက်ကိုလှည့်အကြည့် ငယ်ငယ်က ဂျက်ဆန်ပုံရိပ်လေးက တံခါးဝမှာ ဘောင်ကိုမှီကာရပ်လိုက်တယ်။ ဂျက်ဆန်လေးက "Just call my name and I'll be there" လို့ ခပ်ချိုချို ကလေးသံလေးနဲ့ ဆိုလိုက်တယ်။ စန္ဒရားတီးနေတဲ့ ဂျက်ဆန်က အားပါးတရပြုံးရင်း စန္ဒရား ဆက်တီးတယ်။ ပြီးတော့ သံပြိုင်ဆိုပုံ ဂျက်ဆန်ရဲ့မောင်နှမတွေ၊ အဖေ အမေ ပုံရိပ်တွေထပ်တားတဲ့ I'll be there ဗီဒီယိုဟာ အခုချိန်မှာ ဂျက်ဆန်ကို ဘယ်လိုနည်းနဲ့မှ မမေ့နိုင်တဲ့ ပုံရိပ်တွေအဖြစ် ပရိသတ်တွေရဲ့ရင်ကို လှုပ်ခါရိုက်ခတ်စေခဲ့ပါပြီ။

Wednesday, January 06, 2010

ငါ့ရဲ့လမ်း ... အားလုံးရဲ့လမ်း

(ကြာတော့ကြာပါပြီ၊ ရေးထားတာ၊ ၂၀၀၈ ခုနှစ်က အဟောင်းပြန်တင်လိုက်တာပါ)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂုဏ်ပြုပွဲ အခမ်းအနားတစ်ခုမှာ ရော်ဘီဝီလျမ်(စ်)သီဆိုဂုဏ်ပြုထားတဲ့ သီချင်းတစ်ပုဒ်ကိုနားထောင်မိရင်း အဲဒီသီချင်းကို သဘောကျသွားပြန်တယ်။ မန်ချက်စတာပရိသတ်တွေ သံပြိုင်သီဆိုထားတဲ့ အသံတွေနဲ့ အင်အားပြည့်ဝလှတဲ့ သီချင်းတစ်ပုဒ်က `ငါ့ရဲ့လမ်း´  `My Way´ ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်ပါ။
ဒီ My Way သီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြသူတွေ အများကြီးပါပဲ။ ဈာပနအခမ်းအနားတွေမှာ အဓိက သီကျူးလေ့ရှိတယ်လို့ သိရပါတယ်။ ဗြိတိန်ဈာပနအခမ်းအနားတွေမှာ ထိပ်ဆုံးက တောင်းဆိုခြင်းခံရတဲ့သီချင်းဖြစ်တယ်။ My Way ကို မူရင်း သီဆိုခဲ့သူက ဖရန့်ခ်စီနားထရားပါ။

အဲဒီလိုအခမ်းအနားတွေမှာ ပရိသတ်တွေ ဒုတိယ တောင်းဆိုခံရတဲ့သီချင်းက ဘက်တီမစ်ဒ်လားရဲ့ Wind Beneath Will Go On ပါပဲ။ တီနာတားနားရဲ့ Simply the Best သီချင်းကတော့ နံပါတ် ၅ လိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။ တခြားနာမည်ကြီး သီချင်းတွေလည်း တော်တော်များများရှိပါသေးတယ်။ သိသလောက် ပြောပြရရင် ဂျိမ်းစ်ဘလန့်ထ်ရဲ့ Goodbye My Lover ၊ ဂျနီဖာဝမ်းန်စ်ရဲ့ I've Had the Time of My Life ၊ ရီကွင်းမ်ရဲ့ Pie Jesus ၊ အယ်လ်တန်ဂျွန်ရဲ့ Candle In the Wind ၊ U2 ရဲ့ With or Without You ၊ အဲရစ်ခ်ကလက်ပ်တန်ရဲ့ Tears in Heaven ၊ Police ရဲ့ Every Breath You Take နဲ့ Righteous Brothers ရဲ့ Unchanged Melody သီချင်းတွေက လူကြိုက်များလှတဲ့ သီချင်းတွေဖြစ်တယ်။ တချို့လူငယ်တွေကတော့ သူတို့ရဲ့ တစ်နေ့ ကြုံဆုံလာမယ့် ဈာပနအခမ်းအနားတွေမှာ Green Day ရဲ့ Time of your life(Good Riddance) သီချင်း၊ Led Zeppelin ရှဲ့ Stairway to Heaven သီချင်းတွေကို သီဆိုစေဖို့ ဆန္ဒ ရှိတယ်လို့ သိရတယ်။

My Way သီချင်းရဲ့ရာဇ၀င်ကို စူးစမ်းကြည့်တဲ့အခါ မူရင်းအဆို ဖရန့်ခ်စီနားထရား ဆိုထားပါတယ်။ ပေါလ်အန်ကာ က ရေးပေးထားပြီး သံစဉ်က ကလော်ဒီဖရန်ကွိုက်စ် နဲ့ ဂျက်ရီဗော့က်ခ်တို့ ရေးထားတဲ့ ပြင်သစ်သီချင်း Comme d'habitude  ရဲ့သံစဉ်ကို ယူထားခဲ့တယ်။ အင်္ဂလိပ်သီချင်းစာသားတွေကတော့ မူလပြင်သစ်သီချင်းနဲ့ ဆက်စပ်မှုမရှိပါဘူး။ My Way သီချင်းစာသားတွေဟာ သေခြင်းတရားနဲ့ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ လူတစ်ဦးကပြောပြနေဟန် ရေးထားတာပါ။

တေးရေးဆရာ ပေါလ်အန်ကာက My Way သီချင်းရေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ခုလိုပြောပြခဲ့ဖူးတယ်။
“၁၉၆၇ ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ပြင်သစ် ပေါ့ပ်သီချင်း တစ်ပုဒ် Comme d'habitude ကို ကျွန်တော် ပါရီကို အလည်အပတ်သွားရင်းနဲ့ နားထောင်ခဲ့ရတယ်။ နားထောင်မိကတည်းက မသိမသာ နားစွဲသလို ဖြစ်ခဲ့တယ်။ နောက် ၂နှစ်လောက်ကြာတဲ့အထိ မေ့ပျောက်မသွားဘဲ မှတ်မှတ်ထင်ထင် နားထဲစွဲနေတာနဲ့ပဲ အဲဒီသီချင်းကို စာသားတွေ ဖန်တီးဖြစ်ခဲ့တာဗျ။ မူရင်းပြင်သစ် သီချင်းမှာ အသံဖမ်းထားပုံက သန့်သန့်ခန့်ခန့် မရှိလှပါဘူး။ ဒါပေမဲ့ အဲဒီသီချင်းထဲမှာ တစ်ခုခုတော့ လှလှပပကလေး ပုန်းအောင်းနေတယ်လို့ ကျွန်တော့်စိတ်ထဲ ခံစားလိုက်ရတယ်။ ကျွန်တော် ဒါကို ဖမ်းဆုပ်ရယူကြည့်ချင်လာတယ်။ ဒါနဲ့ပဲတစ်ရက် မနက်ခင်း တစ်နာရီလောက် အချိန်မှာ ကျွန်တော်လက်နှိပ်စက် အအိုအဟောင်းရှေ့မှာ ထိုင်ရင်း တစ်ယောက်တည်းပဲ အဲဒီပြင်သစ်ပေါ့ပ်သီချင်းကို နားထဲပြန်ကြား ယောင်ခံစားကြည့်လိုက်တယ်။ ခံစားမှုနောက်ကိုလိုက်ပြီး လက်ကလည်း စာလုံးတွေ တတောက်တောက်နဲ့ လိုက် - ရိုက်နေမိတယ်။ စကားလုံးခပ်ဆန်းဆန်းလေးတွေရဖို့ လစဉ်ထုတ်မဂ္ဂဇင်းတွေလည်း ရှာလိုက်၊ ဖတ်ကြည့်လိုက်နဲ့။ အရင်ဆုံး ကျွန်တော့်ရင်ထဲက ထွက်ကျလာတဲ့စာလုံးက “အခုတော့ အဆုံးသတ်ဖို့ နီးလာနေပြီ” ဆိုတဲ့ စာသားတွေပါပဲ။ ပြီးတော့ ကျွန်တော် ဘယ်တော့မှ မသုံးဖူးတဲ့ စာလုံးတွေ... “ငါလေ ၀ါးမျိုစား သုံးလိုက်၊ အခြေအနေမဟန်ရင် ဒါကိုပဲ ပျစ်ခနဲ ထွေးထုတ် လိုက်နဲ့” တဲ့။ ဒီလိုအသုံးအနှုန်းမျိုးကို ဖရန့်ခ်ရဲ့ တွန်းအားကြောင့် ရေးတတ်ခဲ့တယ်လို့ပဲ ပြောရမယ်ဗျ။ အဲဒီမနက် ငါးနာရီလောက်မှာပဲ သီချင်းရဲ့ ending ကို လက်စသတ်နိုင်ခဲ့တယ်။ ပြီးတာနဲ့ နီဗားနားမြို့က Caesar's Palace ဟိုတယ်ကို ရောက်နေတဲ့ ဖရန့်ခ်ကို ဖုန်းခေါ်လိုက်တယ် (နည်းနည်းမှအချိန်မဆိုင်းနိုင်ဘူး)။ ဟော့ဒီလို ပြောချလိုက်တယ်။
ဖရန့်ခ်ရေ... မင်းအတွက် အထူးသီးသီးသန့်သန့် ပေးစရာတစ်ခု ငါ့မှာ ရှိနေပြီဟေ့ ...လို့။
ဒီသီချင်းကို ကျွန်တော့်အသံဖမ်းကုမ္ပဏီက ကျွန်တော့်အတွက်ပဲ ထိန်းသိမ်းထားစေလိုတယ်လို့ ပြောကြတယ်။ သဘောက တခြားသူမပေးလိုက်နဲ့၊ ကျွန်တော်ပဲ ဆိုလိုက်ပေါ့လေ...။ ကျွန်တော်က ဒီသီချင်းကို ရေးနိုင်ခဲ့ပေမဲ့ ကောင်းအောင်ဆိုနိုင်မယ့် လူစားမျိုးတော့မဟုတ်ဘူးလို့
ဝန်ခံပြောပြခဲ့ရပါသေးတယ်"...။
သီချင်းရေးဆရာ ပေါလ်အန်ကာရဲ့ ရိုးသားမှုတွေကို သူ့စကားတွေထဲမှာ အထင်းသားတွေ့မြင်ခဲ့ရတယ်။
သူဟာ ကောင်းအောင် ဆိုနိုင်မယ့်လူမဟုတ်ဘူးဆိုပြီး `ဆိုခွင့်´ကို ပစ်ပစ်ခါခါ ငြင်းဆန် ခဲ့တာပါ။

ဒါနဲ့ပဲ ဖရန့်ခ်စီနားထရားဆိုဖို့ဖြစ်လာခဲ့တယ်။ Mya Way အယ်လ်ဘမ်ဟာ ၁၉၆၉ ခုနှစ်မှာ ထွက်ရှိခဲ့တယ်။
ယူအက်စ်မှာ သိက္ခာရှိရှိကျော်ကြားခဲ့ပြီး ချစ်စရာ၊ လှပဆွေးမြည့်ဖွယ်ရာ ခံစားမှုလေးတွေ လိမ်ယှက်နေတဲ့သီချင်းကောင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မူရင်းသီဆိုသူ စီနားထရား သေဆုံးခဲ့တဲ့အခါ ပေါလ်အန်ကာက ကာဗာသီချင်းအဖြစ် ဖန်တီးခဲ့သေးတယ်။ စီနားထရားရဲ့ မူရင်းသီချင်းနဲ့ လုံးဝကွဲပြားတဲ့ ထရက်ခ်(track)ပါ။ အဲလ်ဗစ်စ်ပရက်စလေ ကလည်း ၁၉၇၀ နှစ်လယ်ပိုင်းက ဂီတပွဲတစ်ခုမှာ သီဆိုခဲ့ပြီး Elvis In Concert  စင်ဂဲလ်အယ်လ်ဘမ်ကို CBS-TV အတွက် ရိုက်ကူး ထုတ်လွှင့်ခဲ့တယ်။

Sex Pistols အဖွဲ့ရဲ့ ဘေ့စ်ဂစ်တာသမား ဆစ်ဒ်ဗီးဆီးယပ်စ် က အရင့်အရင်နဲ့ လုံးဝမတူအောင်
Punk -Rock သီချင်းပုံစံပြောင်းလဲ သီဆိုပြန်တော့လည်း အင်မတန် ကျော်ကြားခဲ့ပါသေးတယ်။ စာသားတွေလည်း အများကြီးပြောင်းထားတယ်။ ပြီးတော့ မြန်မြန်ဆန်ဆန် တီးခတ်ထားတာတွေ့ရတယ်။ ပြီးတော့ မိတ်ဆွေကြီးရေ...ဆိုတဲ့ သီချင်းစာသားတွေမှာ ဦးထုပ်တွေ အများကြီးဆောင်းသူ ပရက်ထ် ရေ...လို့ ဆိုထားတာဟာ ဗီးဆီးယပ်စ်က သူ့သူငယ်ချင်း ဂျွန်လိုင်ဒန် ကို တိုက်ရိုက်ရည်ညွှန်း သီဆိုထားတယ်လို့ Sex Pistols အဖွဲ့ကို မွှေနှောက်ကျွမ်းဝင်ထားကြသူတွေက အသေအချာဆိုကြတယ်။ တကယ်လည်း ဂျွန်လိုင်ဒန်က ဘယ်နေရာ ရောက်ရောက် ဦးထုပ် အမျိုးမျိုး ရှာဖွေဝယ်ယူစုဆောင်းတဲ့သူ ဖြစ်နေတော့တာကိုး။

ရက်ပ်ပါဂျေဇီကလည်း ၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့ The Gift & the Curse အယ်လ်ဘမ်မှာ ကာဗာသီချင်းအဖြစ် သီဆိုခဲ့ပါ သေးတယ်။ ရစ်ချီရေးနဲ့ ဘော့ဘီကာ့ဇ်တို့ကလည်း ၁၉၆၉ ခုနှစ်က စပိန်ဘာသာနဲ့ A Mi Manera သီချင်းကို သီဆိုခဲ့ကြတယ်။ ရော်ဘီဝီလျံမ် အသံသရုပ်ဆောင် ပါဝင်ခဲ့တဲ့ Happy Feet ကာတွန်းကားရဲ့ အဓိကဇာတ်ကောင် ပင်ဂွင်းလေး ရာမွန်ဟာ အဲဒီ စပိန်သီချင်း
A Mi Manera ကို ဇာတ်ကားထဲမှာ အကောာင်းဆုံး သီဆိုသရုပ်ဆောင်ခဲ့တယ်။

Pirates of Silicon Valley ရုပ်ရှင်ဇာတ်ကားမှာ ဘီလ်ဂိတ် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အန်ထော်နီမိုက်ကယ်လ်ဟောလ် ကလည်း ဒီ My Way သီချင်းကို သီဆိုခဲ့သေးတယ်။ နောက် စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ ဇာတ်ကောင် ပရော်ဖက်ဆာ ဒေါက်တာဒမ်ဘဲလ်ဒေါ ရဲ့ ဈာပနအခမ်းအနားမှာလည်း My Way သီချင်းနဲ့ တခမ်းတနား ခင်းကျင်းခဲ့တယ်။
တခြား သီဆိုခဲ့ကြတဲ့ နာမည်ကြီးအဆိုတော်တွေလည်း အများကြီးရှိနေပါသေးတယ်။
ပေါလ်အန်ကာရဲ့ ငါ့ရဲ့လမ်း သီချင်းစာသားတွေထဲက ပုန်းအောင်းနေတဲ့အရာ တစ်ခုခုကို (သီချင်းရေးသူနဲ့ထပ်တူ) ရှင်းရှင်းလင်းလင်း ခံစားစေလိုတဲ့ရည်ရွယ်ချက်နဲ့ပဲ စကားလုံးတွေ တစ်လုံးပြီးတစ်လုံး ဖလှယ်သွန်ချလိုက်မိတော့တယ်။
 - - - - - - -

ကဲ... အခုတော့ အဆုံးသတ်ဖို့ နီးကပ်လာခဲ့ပြီပေါ့...
အဲဒါကြောင့်ပဲ... နောက်ဆုံးကားလိပ်ကြီးကလည်း ...
ငါ့ရဲ့ဘ၀ကြီးကို အမှောင်ချပိတ်သိမ်းဖို့ ဟန်တပြင်ပြင်လုပ်နေတာ ...
ငါ မြင်တွေ့လိုက်ရတယ်...
မိတ်ဆွေကြီးရေ.... တကယ်ပဲ
သေချာလှတဲ့ ငါ့အဖြစ်၊ ငါ့အခြေအနေတွေကို အခု ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါတော့မယ်။

ငါ ရှင်သန်နေထိုင်ခဲ့ရာ ငါ့ရဲ့ဘ၀ဟာ...
ခရီးတွေ တစ်ခုစီ တစ်ခုစီ သွားလာလှုပ်ရှားမှုတွေနဲ့ ပြည့်နှက်လို့ပေါ့...
ခရီးတိုင်းကလည်း တာဝေး ခရီးတွေချည်းပါပဲလား...
အဲဒီထက် ပိုလာမယ့်အဖြစ်တွေ ရှိလာတဲ့အခါတိုင်း...
ငါ့ရဲ့ နည်းလမ်းအတိုင်း ရှင်းလင်းလုပ်ဆောင်ခဲ့တယ်.....။

နောင်တတွေကတော့... ငါ့မှာ နည်းနည်းပဲရှိခဲ့ပါတယ်၊
သေချာစေ့စေ့ပေါက်ပေါက်စဉ်းစားလေတိုင်းလဲ ချပြစရာ အင်မတန်ကိုနည်းတာပါပဲ၊
ငါက လုပ်ရမယ့်အလုပ်တွေပဲ လုပ်ခဲ့တာကိုး၊
ငါ့ကိုငါလည်း အလွတ်မပေးပဲ အမြဲသတိထားစောင့်ကြည့်ခဲ့သေးတာလေ.....။

လုပ်စရာတွေကို အပိုင်းလိုက် အပိုင်းလိုက် တစ်ခုစီ စီစဉ်ထားခဲ့တယ်၊
ခြေလှမ်းတလှမ်းစီကိုလည်း တလျှောက်လုံးဂရုပြုလှမ်းလျှောက်ခဲ့တယ်၊
အဲဒီထက် ပိုလာမယ့်အဖြစ်တွေ ရှိလာတဲ့အခါတိုင်း...
ငါ့ရဲ့ နည်းလမ်းအတိုင်း ရှင်းလင်းလုပ်ဆောင်ခဲ့တယ်.....။

ဟုတ်တယ်... အဲဒီအချိန်အခါ၊ အဖြစ်အပျက်တွေကို မင်းသိမယ် လို့ ငါ...သေချာပြောရဲပါတယ်၊
ငါလေ... ၀ါးမျိုနိုင်တဲ့အစားအစာတွေထက် ပိုပိုပြီး ကိုက်ဝါးမိခဲ့တဲ့ အခါ...
အဲဒီအရာတွေအားလုံးကို သံသယတွေ ဗရုန်းသုန်းကား ဖြစ်လာတဲ့ အခါ...
ငါကတော့ ၀ါးမျိုစားသုံးလိုက်.. အခြေအနေမဟန်ရင် ပျစ်ခနဲ ထွေးထုတ်လိုက်နဲ့ အဲဒီအရာတွေကိုပေါ့...
ထိပ်တိုက်ဝင်တိုးလိုက်... မတ်မတ်ရပ်ရင်း ကြံ့ကြံ့ခံ ရင်ဆိုင်လိုက်နဲ့...
ငါ့ရဲ့နည်းလမ်းအတိုင်းပဲ ရှင်းလင်းလုပ်ဆောင်ခဲ့တာပါပဲ.....။

ငါလေ...ချစ်ခြင်းမေတ္တာ.. သံယောဇဉ် တစ်ပြုံတစ်မကြီးနဲ့ ပျော်ဝင်နစ်မြုပ်ခဲ့ဖူးတယ်၊
ငါ ရယ်မောခဲ့တယ်...
ပြီးတော့ ငါ ငိုကြွေးခဲ့သေးတယ်...
ငါ့ဘ၀မှာ ခံစားချက်အားလုံး ပြည့်ပြည့်သိပ်သိပ် ခံစားခဲ့တယ်၊
ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခုန်ဆင်းလာတတ်တဲ့ မျက်ရည်တွေကိုလည်း ရယူခံစားခဲ့တယ်၊
ကဲကွယ်... အခုတော့ မျက်ရည်တွေများ...
တလိမ့်ချင်း တလိမ့်ချင်း လျှောကျ ပျောက်ကွယ်သွားပြီးတဲ့အချိန်တိုင်း အချိန်တိုင်း...
ငါ့မှာ ပျော်ရွှင်မြူးထူးစရာလေး တစ်ခုခုတော့ ရှာဖွေတွေ့ရှိခဲ့မိတာချည်းပါပဲ...

အဲဒီအဖြစ်အပျက်တွေကို တွေးတော... စောင်းငဲ့ ကြည့်ကြည့်တဲ့အခါ...
ပြောပါရစေတော့... ငါရှက်ရွံ့သိမ်ငယ်မနေခဲ့ပါဘူးကွဲ့...
မဟုတ်ဘူး... ငါဟာ အဲဒီလို လူစားမျိုး မဟုတ်ခဲ့ဘူး...
ငါ့ရဲ့နည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့သူတစ်ဦးပါပဲ.....။

‘သူ’---  ဆိုတာ ဘာလဲ...
‘သူ’ --- ဘာတွေ ရရှိခဲ့လဲ...
‘သူ’ ကိုယ်တိုင်ကလွဲလို့ ကျန်တာ အားလုံး ဗလာနတ္တိ ပဲ...
အစစ်အမှန်ခံစားချက်တွေ ဖွင့်ဟလာတဲ့ အဲဒီ ‘သူ’ ရဲ့ စကားလုံး တွေဟာ...
ဒူးထောက်၊ အရှုံးပေး ကျဆုံးနေတဲ့ လူသားတစ်ယောက်ဆီက တောင်စဉ်ရေမရ လွင့်ထွက်ကျလာတဲ့အရာတွေ မဟုတ်ဘူး ...။
ဘ၀မှတ်တမ်းက ပြသမှာပါ... ထိုးနှက်တိုက်ခိုက်မှုတွေကိုလည်း ရယူခဲ့တာပဲလေ...
ပြီးတော့... ငါ့ရဲ့နည်းလမ်းအတိုင်းပဲ...
ငါ လုပ်ဆောင်သွားခဲ့ပါပြီ...။

Tuesday, December 22, 2009

ကိုယ်သာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်

ကိုယ်သာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုနေထိုင်ပြုမူမယ်လို့ တွေးမိနေမယ့် မိန်းကလေးတွေ ဘယ်လောက်များ ... များနေမလဲ ဘီယွန့်ဆေးသီချင်း "If I were a boy" နားထောင်ခဲ့အပြီး သိပ်အများကြီးမရှိစေချင်တော့ဘူးလို့ တွေးလိုက်မိတယ်။ ဘီယွန့်ဆေးကတော့ သူ ရဲ့ စိတ်ကူးကို "If I were a boy" သီချင်းနဲ့ ပြောဖြစ်အောင်ပြောပြလိုက်တယ်။ နဂိုက အသံအိုးကောင်းကောင်း အဆိုပိုင်ရှင်ဖြစ်သလို ဒီသီချင်းမှာ ပိုပြီး နှစ်နှစ်ကာကာရှိလှတဲ့အသံနဲ့ ဆိုထားတယ်ဆိုတာ ဘီယွန့်ဆေး အမာခံပရိသတ်တွေ အသေအချာသိကြမှာပါ။ "If I were a boy"  သီချင်းနဲ့ပတ်သက်ပြီး ဘီယွန့်ဆေးက သူ့ရဲ့ MySpace account မှာ ပြောပြထားတယ်။
"If I were a boy"  ကို ရှင်တို့ နားထောင်နိုင်ပါပြီ၊ အရသာ ရိုးအီနေတွဲျ့ရြ သီချင်းမဟုတ်ပါဘူး၊ အဲဒါက ကြီးပြင်းအောင်မွေးမြူဖို့ ခက်ခဲသလို ချိုးဖဲ့ဖျက်ဆီးဖို့လဲ ခက်ခဲတာပဲ၊ အရသာအသစ်တွေဖြည့်ပေးထားတယ်၊ ဘာကြောင့်လဲ ဆိုတော့ .. လူတွေမှာ အားကြီးတဲ့မျှော်လင့်ချက်တွေရှိတယ်မဟုတ်လား။ ကျွန်မကိုယ်တိုင်လဲ ဒီလိုအနေအထားက ခံစားကြည့်ရတာကြိုက်တယ်၊ ဂီတချစ်တဲ့သူတွေကို  အားပြင်းတဲ့စာသား။သီချင်းတွေနားထောင်စေချင်တယ်၊ ရှင်တို့  နက်နက်ရှိုင်းရှိုင်းခံစားလို့ရတဲ့သီချင်းမျိုးပြောတာပါ။ ကျွန်မဘဲလေးသီချင်းတွေကြိုက်တယ်၊ ကျွန်မက ဂီတကိုချစ်သလို၊ သီချင်းတွေကပြောတဲ့ ပုံပြင်တွေကိုနားထောင်ကြည့်ရတာကိုသိပ်ကြိုက်တယ်။ အဲဒါ လူတွေကို အဆက်အသွယ်ပြုပေးတယ်။ သီချင်းချစ်တဲ့သူတွေကို ကျွန်မရဲ့အသံကြားစေချင်သလို၊ ကျွန်မမှာရှိနေတဲ့ ပြောပြမှဖြစ်မယ့်စကားလုံးတွေသိစေချင်သေးတယ်။'  တဲ့
အမေရိကန် R & B အဆိုတော် ဘီယွန့်ဆေးနိုးလ်စ် ရဲ့ "If I were a boy"  သီချင်းကို တော့ဘီဂက်ဒ် နဲ့ ဘီစီဂျီးန် တို့က ရေးပေးထားတယ်။ ဘီယွန့်ဆေးရဲ့ တတိယတကိုယ်တော်အယ်လ်ဘမ် "I Am...Sasha Fierce" ထဲက သီချင်းတစ်ပုဒ်ပါ။ စီဒီစင်ဂဲလ်ကို ၂ဝဝ၈ နိုဝင်ဘာ ၁၁ရက်နေ့ကထုတ်ခဲ့ပြီး ကမ္ဘာတဝှမ်း top chart 11 ရောက်ရှိခဲ့ပြီး အထူးသဖြင့် ဥရောပတိုင်းပြည်တွေမှာ ပိုပြီးလူကြိုက် များခဲ့တယ်။
"If I were a boy" ကို ဘီစီဂျီးန်က အများဆုံးရေးပေးထားပါတယ်။ ဂျီးန်ရဲ့ ကိစ္စတွေသီချင်းထဲမှာထည့်ရေးဖြစ်ခဲ့တာပါ။ ဂျီးန်နဲ့ ပရိုဂျူဆာ တော့ဘီဂက်ဒ် တို့ဟာ  တိုင်းမ်စကွဲမှာ ဟိုဟိုဒီဒီ လမ်းသလားနေရင်း လူငယ်လေးတွေရဲ့ ပြီတီတီဆွဲဆောင်မှုတွေကို တွေ့ကြုံတာကစပြီး သီချင်းစာသားတွေဖန်တီးဖို့ ဖြစ်လာခဲ့တယ်။ ဂျီးန် ရဲ့မိတ်ဆွေတစ်ဦးက အခုလိုပြောပြတယ်။
'ဂျီးန် က အဝေးဆုံးနေရာမှာနေဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရတာ၊ အဲ့ဒီအတွက် သူ အင်မတန် ဝမ်းနည်းပူဆွေးနေခဲ့တယ်။ ဂျီးန် ရဲ့အတွေး က  သူသာယောကျာ်းလေးဖြစ်ခဲ့ရင် တစ်ဦးတစ်ယောက်တည်းကိုပဲ နောင်တရဖို့ အကြောင်းမရှိ ချစ်သွားမယ်တဲ့။  ဂျီးန်ရဲ့ စိတ်ကူးအတိုင်း "If I were a boy" သီချင်း ဖြစ်လာခဲ့တာ၊ သူ့ရဲ့ ယောကျာ်းလေးမိတ်ဆွေဟောင်းထက် ဂျီးန်က အများကြီးကောင်းမွန်တဲ့သူပါ ။'
ဂျီးန် ပြောပြခဲ့တဲ့ စကားလုံးတွေကို ဂက်ဒ်က အသံဖမ်းယူဖို့ ထပ်ခါထပ်ခါပြောခိုင်းတယ်၊ နောက်တော့ သူတို့ တိုင်းမ်စကွဲကထွက်ခွာလာခဲ့ကြပြီး စတူဒီယိုမှာ သီချင်းကို ၁၅မိနစ်တည်းနဲ့ ရေးနိုင်ခဲ့တယ်။ ဂျီးန်ကိုယ်တိုင်သီဆိုခဲ့စဉ်က တော့ record company က ငြင်းဆန်ခဲ့ဖူးပါတယ်။ ဘီယွန်ဆေး သီဆိုခဲ့တဲ့အခါ အင်မတန် အားကောင်းတဲ့သီချင်းဖြစ်လာခဲ့တဲ့အပေါ် ဂျီးန်က လှိုက်လှိုက်လှဲလှဲကျေနပ်တယ်လို့ ဆိုတယ်။ 'ဘီယွန်ဆေး ဆိုနေတဲ့အသံက အသက်ပါလွန်းလို့  ကျွန်မ ပထမဆုံးနားထောင်လိုက်ရတဲ့အခါတုန်းက ခဏလောက်အသက်ရှုရပ်သွားခဲ့သေးတယ်' လို့ ဂျီးန်က ပြောခဲ့တယ်။
"If I were A Boy" ဗီဒီယိုကို youtube မှာ တင်လိုက်တဲ့အခါ မတ်လ ၁ ရက်နေ့အထိကြည့်ရှုသူပေါင်း ၄၁၇ဝ၁ဝ၃၃ ဦးတောင် ရှိခဲ့တယ်။ တကယ့်ကို စိတ်ဝင်စားစရာကောင်းလှတဲ့ ဗီဒီယိုပါ။ ဒါရိုက်တာက ဂျိတ်နာဗာ ဖြစ်ပြီး အဲဒီ ဗီဒီယိုမှာ ဘီယွန်းဆေးက ခင်ပွန်းသည်နဲ့ တစ်နေ့တာ ကတောက်ကဆဖြစ်ပုံကို ပြထားတယ်။ စိတ်ကူးထဲကအတိုင်း ဘီယွန်ဆေးသွားလာလှုပ်ရှားနေပုံ ပြထားပြီး ဗီဒီယို အဆုံးမှာမှ ပရိတ်သတ်တွေကို တကယ့်အဖြစ်ကိုနားလည်သွားစေတယ်။
ဗီဒီယိုအစမှာ ... ဘီယွန်ဆေးနဲ့ သူမခင်ပွန်းတို့ဟာ 'ရင်းနှီးမှု' 'ရိုးသားအပြစ်ကင်းမှု' 'တာဝန်ယူမှု' ဒီလိုစကားလုံးတွေနဲ့ အပြန်အလှန်ရွတ်ဆိုပစ်ပေါက်နေကြတယ်။ သီချင်းစတင်တဲ့အခါ .. ခင်ပွန်းသည်က မနက်စာအတွက် ပြင်ဆင်နေချိန် ဘီယွန်ဆေး က သူမရဲ့ အလုပ်ကိုသွားဖို့ အလုပ်ရှုပ်နေပြီ၊ ဘီယွန်ဆေးက ရဲအရာရှိဖြစ်ပြီး သူမရဲ့အနားမှာ စမတ်ကျကျ ဆွဲဆောင်မှုရှိလွန်းလှတဲ့ လုပ်ဖော်ကိုင်ဖက်ရဲအရာရှိက အမြဲလိုရှိနေတယ်။ ဘီယွန်ဆေးရဲ့အာရုံက အဲဒီရဲအရာရှိ ဆီမှာသာ စုပြုံနေတဲ့အချိန် သူမရဲ့ ခင်ပွန်း ရုံးဝန်ထမ်း က အလုပ်လုပ်ရင်း အွန်လိုင်းမှာ ဘီယွန်ဆေးအတွက် နားကပ်တစ်ရန်ဝယ်ပေးဖို့  ကြိုးစားနေရှာတယ်။ မိတ်ဆွေယောကျာ်းလေးတွေနဲ့ ညတိုင်းလို ဘီယာသောက်နေတတ်တဲ့ ဘီယွန်ဆေးကို ဒီညတော့ ပါတီကိုအတူသွားကြဖို့ ခင်ပွန်းသည်က တောင်းဆိုလိုက်တယ်။ အဲဒီညမှာ ဘီယွန်ဆေးကို နားကပ်လေးလက်ဆောင်ပေးလိုက်ပါတယ်။ ဘီယွန်ဆေးကတော့ အဲဒီသက်မဲ့နားကပ်လေးတစ်ရန်ထက် ပိုလို့ ဆွဲဆောင်မှုရှိလှတဲ့ ရဲအရာရှိနဲ့ ရင်းရင်းနှီးနှီးတွဲကဖို့ကိုပဲ စိတ်ဝင်စားနေပြန်တယ်။ ခင်ပွန်းသည် က ဘီယွန်ဆေးကို အပြင်းအထန်အပြစ်တင်တော့တယ်။ နောက်ဆုံးမှာ ဘီယွန်ဆေးတို့ရဲ့ နေရာအပြောင်းအလဲကို အမှန်အတိုင်းပြန်လည်ရိုက်ကူးပြလိုက်တယ်။ အမှန်တကယ်က ခင်ပွန်းသည်က ရဲအရာရှိဖြစ်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့တွဲနေတာပါ။ ဘီယွန်ဆေးကတော့ ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒေါသ၊ ပူဆွေးဝမ်းနည်းမှုတွေ ထိန်းချုပ်ရင်း "If I were a boy" စာသားအဆုံး ဗီဒီယိုကို အဆုံးသတ်ပေးထားလိုက်တယ်။
ဘီယွန်ဆေးရဲ့ ယောကျာ်းလေးတစ်ဦးဖြစ်ခဲ့ရင် ဆိုတဲ့ စိတ်ကူးကို မြည်းစမ်းကြည့်ဖို့ ...

ကိုယ်သာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင် ...
မနက်ခင်းတွေမှာ အိပ်ရာထဲမှာ  အပျင်းထူမနေပါဘူး ..
ကျွန်မ လုပ်ချင်တဲ့ ကိစ္စတွေထဲ ပြေးဝင်နှစ်မြှပ်ပစ်လိုက်မယ် ..
ပြီးတော့ မိတ်ဆွေကြီးတွေနဲ့ ဘီယာသောက်မယ် ..
မိန်းကလေးတွေကို  ဝေးဝေးသွားစေမယ် ..
သူတို့တွေက အတင်းတွယ်ကပ်လွန်းတယ် ..
ကျွန်မအလိုရှိတဲ့  တစ်ဦးတစ်ယောက်နဲ့ပဲ ပျော်ရွှင်ကြည်နူးချင်ပါတယ် ..
သူနဲ့ ဆန့်ကျင်ဖက်ဖြစ်ရမယ့် ကိစ္စတွေ မဖြစ်ချင်ဘူး ..


ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မသိတယ် .. ကျွန်မနားလည်နိုင်တယ် ..
မိန်းကလေး တစ်ယောက်ကို ဘယ်လိုချစ်မြတ်နိုးရမယ်ဆိုတာကိုလဲ ခံစားနိုင်တယ် ..
ကျွန်မ ကျိန်ဆိုပြောရဲပါရဲ့ ..
သူမအတွက်  ကောင်းမွန်တဲ့ ယောကျာ်းတစ်ဦး ဖြစ်ရစေ့မယ် ..
သူမ ပြောမယ့်စကားတွေကိုလဲ နားထောင်ပေးဦးမယ် ..
ဘာကြောင့်လဲဆိုတော့ ..  ရှင်တို့ အလိုအပ်ဆုံးသူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အခါ  ..
ရလိုက်တဲ့ နာကျင်မှုတွေဟာ ဘယ်လိုဆိုတာ ကျွန်မသိထားလို့ပဲပေါ့ ..
သူက ရှင့်ကို အရာတိုင်းအတွက် အသုံးချသွားခဲ့ပြီး ..
ရှင်ကတော့ ရှင်မှာရှိတဲ့အရာအားလုံး ပျက်ဆီးကုန်တာကိုပဲ ရလိုက်တော့တယ် ..


ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မရဲ့ ဖုန်းကို ပိတ်ထားလိုက်ဦးမယ် ..
အားလုံးကိုပြောထားရဦးမယ် .. ဖုန်းပျက်နေပါတယ် ပေါ့..
သူတို့ ကျွန်မတစ်ဦးတည်း အိပ်ပျော်နေတယ် ထင်မြင်ကြပါစေ ..
ကျွန်မကိုယ်တိုင်အတွက် ကျွန်မရဲ့ နည်းလမ်းအတိုင်းပဲ လှုပ်ရှားသွားလာမယ် ..
ဘာကြောင့်လဲ ဆိုတော့ .. သူမက သိပ်ပြီးသစ္စာရှိတဲ့သူဆိုတာ သိတယ် ..
ကျွန်မပြန်အလာကို  အဲဒီမိန်းကလေးက အိမ်မှာ စောင့်နေရှာမယ် ...
အိမ်အပြန်ကို စောင့်နေတယ် ..


ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မသိတယ် .. ကျွန်မနားလည်နိုင်တယ် ..
မိန်းကလေး တစ်ယောက်ကို ဘယ်လိုချစ်မြတ်နိုးရမယ်ဆိုတာကိုလဲ ခံစားနိုင်တယ် ..
ကျွန်မ ကျိန်ဆိုပြောရဲပါရဲ့ ..
သူမအတွက်  ကောင်းမွန်တဲ့ ယောကျာ်းတစ်ဦး ဖြစ်ရစေ့မယ် ..
သူမ ပြောမယ့်စကားတွေကိုလဲ နားထောင်ပေးဦးမယ် ..
ဘာကြောင့်လဲဆိုတော့ ..  ရှင်တို့ အလိုအပ်ဆုံးသူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အခါ  ..
ရလိုက်တဲ့ နာကျင်မှုတွေဟာ ဘယ်လိုဆိုတာ ကျွန်မသိထားလို့ပဲပေါ့ ..
သူက ရှင့်ကို အရာတိုင်းအတွက် ပေးအပ်ခဲ့ပေမဲ့ ..
ရှင်ကတော့ ..
ကဲ  .. အခုတော့ ရှင်မှာရှိတဲ့အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီ ..


ရှင် ခြေတစ်လှမ်းနောက်ပြန်ဆုတ်ဖို့  နောက်ကျသွားခဲ့ပါပြီ ..
ပြောပါဦး .. အဲဒါက 'အမှားအယွင်း' တစ်ခုပါ လို့ ..
ရှင် တွေးပါဦး .. ကျွန်မကလဲ ထပ်ခါထပ်ခါ ရှင့်ကို ခွင့်လွှတ်လိမ့်ဦးမယ်လို့  ..
ပြီးတော့  .. ရှင်ထပ်ပြီး တွေးပါဦး .. ကျွန်မက ရှင့်ကို စောင့်နေဦးမယ်လို့ ..
ကဲ .. ရှင့်ရဲ့ အတွေးရိုးရိုးတွေ မှားယွင်းကုန်ကြပြီ  ..


ရှင်က ယောကျာ်းလေးတစ်ယောက် ပဲ ..
ရှင် နားမလည်းခဲ့ပါဘူး ..
 မိန်းကလေးတစ်ဦးကို ဘယ်လိုချစ်ခင်မြတ်နိုးရမယ်ဆိုတာ .. ရှင်တကယ်နားမလည်ပါဘူး ..
တနေ့နေ့တော့  ရှင်က ကောင်းမွန်တဲ့ယောကျာ်းတစ်ယောက်ဖြစ်ဖို့ ဆန္ဒ္ဒရှိလာနိုင်ပါလိမ့်မယ် ..
ရှင် သူမရဲ့ စကားလုံးတွေလဲ နားမထောင်ခဲ့ဘူး ..
ရှင်တို့ အလိုအပ်ဆုံးသူတစ်ယောက် ဆုံးရှုံးလိုက်ရတာတောင်  အဲဒီ ဒဏ်ရာကို ရှင် ဂရုမစိုက်ခဲ့ဘူး ..
ရှင်က သူမဆီကပဲ ပေးကမ်းခဲ့သမျှ အချစ်မေတ္တာတွေ အကုန်လုံးယူခဲ့တာပဲ ..
ကဲ  .. အခုတော့ ရှင်မှာရှိတဲ့အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီ ..
ဒါပေမဲ့လည်းကွယ် .. ရှင်က  ယောကျာ်းလေးတစ်ယောက်ပါပဲ ..


မဉ္ဇူရီ

Sunday, November 08, 2009

သူရဲကောင်းတွေ နဲ့ ဆိုးသွမ်းလှတဲ့သူတွေ

(ဆင်ဆာမိတော့မှာပဲလို့ထင်ထားပေမဲ့ လွတ်သွားတဲ့ သီချင်း၊ သီချင်းဆိုတော့ သူတို့ သေချာမဖတ်ကြလို့ပါ၊ လှိုင်းသစ်မဂ္ဂဇင်းပါပဲ)




The Beach Boys ရဲ့ သီချင်းတွေထဲက ဂီတချစ်ပရိသတ်တွေရဲ့ စာသား အကောင်းမွန်ဆုံး လို့ မဲပေးထားခဲ့ကြတဲ့  "Heros and Villains" သီချင်းက တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အခုချိန်ထိနားထောင်ကြည့်လိုက်တိုင်း အချိန်တိုင်းမှာ ဆွဲဆောင်မှုရှိနေဆဲ အနုပညာအားပြင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်နေတာကြောင့်
"Heros and Villains" သီချင်းကို ရေးသားသီဆိုခဲ့ကြတဲ့ The Beach Boys တွေ အကြောင်းအရင်ဖတ်ကြည့်ရအောင်ပါ။
သူတို့ရဲ့ သီချင်းတွေကရော ဘယ်လိုတွေလဲ ..

The Beach Boysျ တွေက အမေရိကန်ရောခ့်အဖွဲ့ ဖြစ်တယ်။ harmony ဖြစ်လှတဲ့ အဖွဲ့သားတွေရဲ့ အသံလိုင်းပေါင်းစုံကြောင့် နာမည်ကြီးလာခဲ့တယ်။ သူတို့ ဖန်တီးလေ့ရှိတဲ့သီချင်းအမျိုးအစားတွေက  rock, surf rock, psychedelic pop, pshchedelic rock, baroque pop  တွေပါ။ "Heros and Villains" က Psychedelic Pop အမျိုးအစားဖြစ်တယ်။ Psychedelic Rock, Psychedelic Pop ဆိုတာ ခပ် ကြမ်းကြမ်း အနည်းငယ်ကျယ်ကျယ်လောင်လောင် ရှိတဲ့ သီချင်းမျိုးတွေပါပဲ။ Psychedelic ဟာ ဂရိစကားလုံးဖြစ်ပြီး အင်္ဂလိပ်အခေါ်အဝေါ် နဲ့ဆိုရင် soul နဲ့  manifest ပေါင်းစပ်ထားတာပါ။ Baroque Pop ကတော့ Bouh Rock လို့လဲခေါ်တဲ့ ၁၉၆ဝခုနှစ်တွေက ခေတ်စားတဲ့ rock music တစ်မျိုးဖြစ်တယ်။ Classical music တွေကို Rock 'n' Roll သီချင်းတွေထဲ အရေးအသားပိုင်းပြောင်း၊ အသံဖမ်းရာမှာလဲ ပြောင်းလဲပြီးပေါင်းထည့်ထားတဲ့ ဂီတမျိုးလို့ဆိုတယ်။
အဖွဲ့သားတွေက ဒရမ် - ဟဲလ်ဘလိန်း၊ ဘေစ့်ဂစ်တာ- ကာရိုလ်ကေး၊ နောက်ခံဘေစ်ဂစ်တာ-လိုင်လီရစ်ထ်ဇ်၊ စန္ဒရား- ဒိုအန်ရမ်ဒီ၊ ဘီလီစထရိန့်ခ်ျ၊  အဆိုနဲ့ ဟာမိုနီ- မိုက်ခ်လပ်ဗ်၊ အဲလ်ဂျာဒိုင်း၊ ကားလ်ဝီလ်ဆင်၊ ဒဲနစ်ဝီလ်ဆင်၊ ဘရုစ်ဂျွန်စတန်၊ နောက်ခံအဆို-လပ်ဗ်တား တို့ဖြစ်ကြတယ်။

"Heros and Villains" ကိုတော့ The Beach Boys အဖွဲ့က ဘရိုင်ယန်ဝီလ်ဆင် နဲ့ ဗန်ဒွိုက်ခ်ပါ့ခ်စ် တို့ အတူတူရေးသားခဲ့ကြတယ်။ ပုံပြင်ထဲက အကြောင်းအရာတစ်ခုကို ရည်ရွယ်ရေးသားခဲ့ကြတာပါ။ ဝီလ်ဆင်ရေးသားခဲ့တဲ့ စာသား "Once at night catillian squared the fight"  မှာ  စာလုံးပေါင်း catillian ဟာ အမှန်က cotillian ဖြစ်ရမယ်လို့ The Beach Boys ပရိသတ်တွေက်forum  တွေမှာ ရေးသားခဲ့ကြတယ်။ ဝီလ်ဆင်ကလဲ သူပြောချင်တာက ခန်းမကျယ်ကြီးမှာ စုပေါင်းကကြတဲ့ ၁၇ဝဝ ခုနှစ်ပိုင်းက ပြင်သစ်အကတစ်မျိုး cotillian  ကိုပဲ ရည်ရွယ်တာပါလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ စာသားကိုတော့ မပြောင်းခဲ့ပါဘူး။

၁၉၆၆-၁၉၆၇ ခုနှစ်အတွင်း version  အများကြီးနဲ့ ဆိုခဲ့ကြတဲ့ The Beach Boys ရဲ့ သီချင်းဟောင်းဖြစ်နေပေမယ့်  ဒီနေ့ထိ ဂီတပရိသတ်တွေ စိတ်ဝင်စားနေကြဆဲပါပဲ။ ၁၉၆၆ ခုနှစ်အစောပိုင်းမှာ "Heros and Villians" ဟာ ဝီလ်ဆင်ရဲ့ ဧည့်ခန်းထဲမှာ  စန္ဒရားတစ်လုံးထဲနဲ့ ပဲ ရေးစပ်ခဲ့ကြတယ်လို့ဆိုတယ်။ "Heros and Villians" ဟာ ဝီလ်ဆင်နဲ့ ပါ့ခ်စ် တို့ရဲ့  ပထမဆုံးအတူတကွ အလုပ်လုပ်ခဲ့ကြတဲ့သီချင်းပါ။ ဝီလ်ဆင်က သံစဉ်ကို ပထမရှာပေးခဲ့ပြီး ပါ့ခ်စ်က အဖွင့်စာသားနဲ့ အရေးကြီးတဲ့နေရာတွေမှာ ဆက်လက်ဖန်တီးပေးခဲ့တယ်။ "Heros and Villains" ထဲမှာပါတဲ့ ဂီတသံစဉ် အမျိုးမျိုးကှိုSMiLE အယ်လ်ဘမ် အတွက် တခြားသီချင်းတွေမှာပါ အပိုင်းလိုက် ဟိုတစ်စ ဒီတစ်စ ထည့်သုံးခဲ့တာတွေရှိတယ် ဆိုတာ "Heros and Villians" ရင်းနှီးပြီးသား ပရိသတ်တွေက အသေအချာပြောပြနိုင်ခဲ့ကြတယ်။ ဝီလ်ဆင်ကလဲ ငြင်းမနေပါဘူး၊ သူသိပ်ကြိုက်တဲ့ ဂီတအပိုင်းအစတွေ ကြုံရင်ကြုံသလို ထည့်သုံးနေမှာပါပဲ လို့ ပြန်ရှင်းခဲ့ပါတယ်။ Surf's Up နဲ့ Cabinessence သီချင်းတွေရဲ့စာသားတွေ ဟာ The Beach Boys သီချင်းတွေအားလုံးထဲမှာမှ ဝေခွဲမရတဲ့ စာသားအသုံးအနှုန်းရှုပ်ရှုပ်တွေ ဖောဖောသီသီသုံးထားပါသေးတယ်။ "Heros and Villians" စင်ဂဲလ်ကို မူလက Capitol 5826 အမည်နဲ့ စီစဉ်ခဲ့ပြီး အဖုံးဒီဇိုင်း အတွက် အဖွဲ့သား၆ယောက်ရဲ့ပုံ အဖြူရောင်ပန်းချီကားနဲ့ ပြုလုပ်ထားခဲ့တယ်။ ဒါပေမဲ့ ဘရိုင်ယန်ဝီလ်ဆင်က သူ့စိတ်ကူးထဲမှာဖန်တီးချင်တဲ့အတိုင်း ပြောင်းပစ်လိုက်တယ်။    Capitol 5826 စင်ဂဲလ် ကတော့ မထုတ်ဖြစ်ခဲ့ပါဘူး။ ၂ဝဝ၄ခုနှစ်မှာတော့  "Heros and Villains" ကို ပြန်လည် အသံဖမ်းခဲ့ပြီှးSMiLE ရဲ့ version အသစ်မှာ ပြန်ထည့်ထားတာပါတယ်။

The Beach Boys တွေပြောတဲ့ သူရဲကောင်းတွေနဲ့ လူဆိုးလူညစ်တွေက ဘယ်သူတွေလဲ သိရအောင် "Heros and Villains" သီချင်း စာသားကိုဖတ်ကြည့်မိတဲ့ အခါ  +++

သူရဲကောင်းတွေ  နဲ့  ဆိုးသွမ်းလှတဲ့သူတွေ
 

ကျွန်တော်တော့ ဒီမြို့လေးမှာ ရှင်သန်နေထိုင်လာခဲ့တာ မြို့ တော်ကြီးက ပြန်လာခဲ့ပြီးကတည်းဆိုတော့ ကြာလှပြီပေါ့ ..
ကျွန်တော့်ဆီကထွက်ပြေးကုန်တဲ့ အရာတွေ၊ ကျွန်တော်ဆုံးရှုံးခဲ့တဲအရာတွေ၊ ဘာမှန်းညာမှန်းမသိတဲ့အရာတွေ ကို ရယူဖို့
ဒီမှာပဲ အချိန်တွေ အများကြီး ကြာမြင့်အောင်နေခဲ့ပြီးပါပြီ ..
လွန်ခဲ့တဲ့နှစ်တွေကပဲ  သူရဲကောင်းတွေ ၊ လူဆိုးလူညစ်တွေရဲ့ မွေးရပ်မြေဖြစ်တဲ့ စပိန်နဲ့ အင်ဒီးယန်း ဒေသက
အပြစ်ဆိုတာမသိ၊ အပြစ်ဆိုတာမရှိလေတဲ့ ရိုးရိုးသားသား မိန်းကလေးတစ်ယောက်နဲ့လဲ ချစ်ကြိုက်ခဲ့ပြီ ..
တကြိမ်  ခန်းမကျယ်ကြီးထဲက ကက်တီလီယန်အကပိုင်ရှင်တွေဆီ တိုက်ခိုက်မှုကြုံရစဉ် ညမည်းမည်းထဲ ၊
မိန်းကလေး ++ကျွန်တော့်ရဲ့ အဖြူထည်မိန်းကလေး ဟာ ကျည်ဆန်မိုးတွေ ခပ်သဲသဲဖြာကျနေတဲ့နေရာမှာမှ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်နေခဲ့သေးတော့၊
အဆုံးမှာ အဲဒီ သဲသဲမဲမဲ အရာတွေက  မိန်းကလေးကို လဲကျစေခဲ့ပြီ ..
ဒါပေမဲ့  မိန်းကလေးက သူ့ရဲ့ကကြိုးကိုတော့ မပျက်စေခဲ့ပါဘူး ..
သူရဲကောင်းတွေ၊ လူဆိုးတွေ ပြည့်နှက်နေတယ်ဆိုတဲ့ ဒီမြို့ကလေးမှာ ဒီမြို့ကြီး သူလေးတစ်ယောက်ကိုပဲ မကြောက်မရွံ့ရင်ဆိုင်စေမှာတဲ့လား ..

ကဲ  - သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊ ဘာတွေလုပ်ခဲ့ကြပြီးပြီလဲ ပြန်ငဲ့ကြည့်ပါဦး ၊
သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊  ခင်ဗျားတို့ ဘာတွေလုပ်ခဲ့ကြလဲ ကြည့်ပါရစေဦး ..

မတ်မတ်ရပ်တည်နိုင်တာပဲ ဖြစ်ဖြစ် ၊ ပြိုလဲရှုံးနိမ့်တာပဲ ဖြစ်ဖြစ်  ဒီနေရာမှာ ဖြစ်နေတာတွေ ကျွန်တော်သိပါတယ် ..
ဒီတောင်ကြားဒေသလေးမှာ ငြိမ်းချမ်းရေးအရသာကိုခံစားရစေချင်ပြီ ....
ဒါတွေကတော့ သူရဲကောင်းတွေ၊ လူဆိုးကြီးတွေနဲ့ ဖြစ်ပျက်ကြုံတွေ့ရသမျှ ကိစ္စတွေချည်းပါပဲ ..

ကျွန်တော့်ရဲ့ကလေးငယ်တွေအတွက် မွေးမြူပျိုးထောင်ခဲ့ရပြန်ပြီ၊ သူတို့ ချက်ချင်းပဲ ရှင်သန်ကြီးပြင်းလာတယ်လို့ ခင်ဗျားထင်နေတာလား ..
နှစ်တွေအများကြီးပဲ  .. သူတို့ရဲ့ဦးခေါင်းကနေ ခြေချောင်းလေးတွေအထိ နှေးနှေးကွေးကွေး  လူလားမြောက်လာရတာ၊
သူတို့ရဲ့ ကျန်းမာေ၇း၊ ပညာရေးအကုန်လုံးပါပဲ ..တုန့်နှေးနှေး စတင်လာခဲ့ကြတာပါ ..
ကျွန်တော် ဒီမြို့လေးမှာ နေလာခဲ့တာ သိပ်ကိုကြာမြင့်ခဲ့ပါပြီ ..
ကျွန်တော့်ဆီ တိုးဝင်လာတဲ့ အရာတွေပြည့်သိပ်လို့ နေသားတကျရှိနေခဲ့ပြီ ..
ခက်ခဲကြမ်းတမ်းတဲ့အရာတွေ နဲ့လဲ  အလိုက်သင့် စီးမြောနိုင်ခဲ့ပြီ ..
နေသာတဲ့နေတစ်နေ့မှာလဲ ဖြာကျနေတဲ့နေရောင်စူးစူးအရိပ်အငွေ့တွေ ရှုရှိုက်ရင်း 'ငါ  အဆင်ပြေသားပဲ'လို့ ပြောရပါဦးမည်..

ကဲ  - သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊ ဘာတွေလုပ်ခဲ့ကြပြီးပြီလဲ ပြန်ငဲ့ကြည့်ပါဦး ၊
သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊  ခင်ဗျားတို့ ဘာတွေလုပ်ခဲ့ကြလဲ ကြည့်ပါရစေဦး ......


မဉ္ဖူရီ

ကဗျာဆရာတစ်ဦးနဲ့ နာရီချိန်သီး

လှိုင်းသစ်မဂ္ဂဇင်းမှာပါခဲ့တဲ့ စာမူပါ၊ စာအသစ်ရေးထားတာမရှိတာနဲ့ပဲ ဟိုကဒီက အဟောင်းတွေဆွဲထုတ်တင်လိုက်ရပါတယ်၊ ကလောင်နာမည်က မဥ္ဖှူရီပါ

ကဗျာဆရာတစ်ဦးရဲ့  ဘဝချိန်သီး တစ်တစ်တောက်တောက် လှုပ်ရှားနေပုံကို  မြိုင်ဆိုင်လှတဲ့ သံစုံတူရိယာတွေနဲ့ ခြောက်ခြားဖွယ်ရာ ရေးစပ်သီဆိုထားတဲ့ သီချင်း တစ်ပုဒ်ပါ။ ဖင်လန်နိုင်ငံသား အဖွဲ့သားငါးဦးပါဝင်တဲ့ သံစုံမက်တယ်အဖွဲ့ Nightwish ရဲ့  အဲဒီ The Poet and the Pendulum သီချင်းဟာ မှော်ဝင်ရုပ်ရှင် ဇာတ်ကားတစ်ကားကြည့်နေရသလို  သံစဉ် အတက်အကျနဲ့အတူ၊ တဒုတ်ဒုတ် နှလုံးခုန်လှုပ်သံ၊ ကျီးအာသံတွေက ဂီတချစ်သူတွေကို ဘယ်လိုမှ လက်မလွှတ်နိုင်အောင် ဖမ်းစားခဲ့တဲ့ သီချင်းလဲဖြစ်တယ်။ သီချင်းသစ်တစ်ပုဒ်တော့ မဟုတ်ပါဘူး။ Nightwish ရဲ့ ၂ဝဝ၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dark Passion Playအယ်လ်ဘမ်ထဲက ပထမဆုံး သီချင်းပါ။ Dark Passion Play အယ်လ်ဘမ်ကို ၂ဝဝ၆-၂ဝဝ၇ ခုနှစ်မှာ အသံဖမ်းခဲ့ပြီး Record Label "Spinefarm Records"နဲ့ထုတ်ခဲ့တယ်။ ထူးခြားတာက Nightwish ဂီတသမိုင်းမှာ  ၁၄မိနစ်ကြာခဲ့တဲ့ အရှည်ဆုံးသီချင်းဖြစ်တယ်။ The Poet and the Pendulum သီချင်းကို ရေးသားခဲ့တဲ့ အဖွဲ့ခေါင်းဆောင် ကီးဘုတ်သမား တူရိုမာစ့်ဟိုလိုပိုင်နမ် က ဒီသီချင်းကို ရေးဖြစ်ခဲ့တဲ့အတွက်  သူအလွန်အမင်းပျော်ရွှင်ခဲ့ပြီး အကြိုက်ဆုံး Nightwish သီချင်းတစ်ပုဒ် အဖြစ် သူ အမြဲခံစားမိနေတော့မှာ သေချာတယ်လို့ အယ်လ်ဘမ်မထွက်ခင်မှာ တရားဝင်ကြေငြာခဲ့ဖူးပါတယ်။ Nightwish ဂီတအဖွဲ့ကို ၁၉၉၆ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့သားတွေက ဖင်လန်နိုင်ငံ ကီတီးမြို့လေးကပါ။ Nightwish တွေ ဖန်တီးတဲ့ဂီတမျိုးက မက်တယ်လ်ဂီတကိုပဲ သံစုံတူရိယာတွေနဲ့ classic တေးသွားတွေ ပေါင်းထည့်ထားတဲ့ Symphonic power metal ဂီတအမျိုးအစား ဖြစ်တယ်။

တူရိုမာစ့် က ဒီသီချင်းနဲ့ပတ်သက်ပြီး ခုလိုပြောခဲ့တယ်။ 

The Poet and the Pendulum ဟာ လှပလွန်းတဲ့စာသားတွေနဲ့ဖွဲ့စည်းထားတယ် .. မော်ကွန်းတင်လောက်တဲ့ စွမ်းအားပြင်းသီချင်းတစ်ပုဒ်ပါ။ ဘယ်လိုတဲ့။ မဟုတ်ရပါဘူး။ ကျွန်တော်က ကိုယ့်ဘာသာတံဆိပ်တပ် ချီးမြှင့်မြောက်စားနေဖို့ဝါသနာပါတဲ့သူမှ မဟုတ်တာ။ ထပ်ခါထပ်ခါ သီဆိုရတဲ့ စာသားတစ်ချို့ကျွန်တော်ရွတ်ပြမယ်.. ခင်ဗျား လိုက်ဆိုကြည့်ပေးပါ။ ပြီးရင်တော့ ကျွန်တော်ပြောခဲ့တဲ့စကားလုံးတွေက ခင်ဗျားနှုတ်က ဒလဟောထွက်ကျလာမှာ အသေအချာပဲ..
ကဲ ကျွန်တော်တော့ စ.. ရွတ်ပါပြီ။
'ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး၊
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့ .. ငါ .. ဦးဆောင်ပေးချင်ရဲ့ ..
ငါ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ငါမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ငါ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ငါက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ .. '
တူရိုမာစ့် သတင်းပေးခဲ့တဲ့ 'The Poet and the Pendulum'ရဲ့ စာသားတွေက တကယ်ပဲ လှပလွန်းနေခဲ့ပါတယ်။
သီချင်းချစ်သူတွေအားလုံး မြည်းစမ်းကြည့်နိုင်ဖို့ 'The Poet and the Pendulum' စာသားတွေအားလုံးခံစားကြည်းတဲ့အခါ ....
အဆုံးသတ်မှာ
သီချင်းရေးသူဟာ သေဆုံးခဲ့ပြီ ..
ဓါးသွားတွေက သူ့အပေါ်မှာအုပ်မိုးလို့ ..
အဖြူရောင်ကုန်းမြေတွေဆီ သူ့ကိုဆောင်ယူနေကြပြီ ..
ကိုယ်ချင်းစာနာမှုတွေရှိရာဆီ .. အပြစ်ကင်းစင် ကြည်လင်မှုတွေရှိရာဆီ ..

အိမ်မက်မက်သူနဲ့ ဝိုင်အရက် အစပ်အဟပ်မိနေချိန်မှာ ..
ကဗျာဆရာကတော့ ကာရန်တွေလွဲနေဆဲ ..
စာရေးတဲ့မုဆိုးမတစ်ယောက်ကတော့ဖြင့်  ငရဲသံကွင်းကြိုးတွေကြောင့် အစိတ်စိတ် အမွှာမွှာဖြစ်ရရှာတယ် ..
နောက်ဆုံးဖြည့်လိုက်တဲ့ စာတစ်ကြောင်းက သီချင်းအိုတစ်ပုဒ်နဲ့.. တူနေဆဲပါပဲ ..
အို ခရစ်တော်.. ဘယ်လိုမုန်းရမလဲ.. ဘာတွေဖြစ်မြောက်အောင်လုပ်ရမလဲ ..

အိမ်အရောက် ပို့ပေးလှည့်ပါ ..
ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး ..
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့  .. ကျွန်မ .. ဦးဆောင်ပေးချင်ရဲ့ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မကို ခွင့်လွှတ်ပါ ..
ကျွန်မမှာ မျက်နှာနှစ်ခုရှိနေလေရဲ့  ..
တစ်ခုက ကမ္ဘာကြီးအတွက် ..
နောက်မျက်နှာတစ်ခုက ဘုရားသခင်အတွက် ..
ကျွန်မကို ကယ်ဆယ်ပါ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..
ကျွန်မရဲ့အိမ်က အဲဒီမှာရှိနေတယ် ..
မြက်ခင်းတွေကများ စိမ်းလန်းနေလိုက်တာ နတ်ဘုံနတ်နန်းတမျှပဲ ..
စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့နေ့တွေရယ် .. အမြဲပြုံးနေတဲ့မျက်နှာတစ်ခုရယ် ..
ကျေးဇူးပြုပြီး စကားတွေသိပ်များများမပြောပါနဲ့လား ..
နဂိုကရှုပ်ထွေးကျပ်တည်းနေတဲ့ ဦးခေါင်းထဲ အတွေးတွေ ပိုပိုရောက်လာနေလွန်းလို့ပါ ..
ချီးမွန်းထောပနာပြုသံတွေလဲ အများကြီးမလုပ်ပါနဲ့ ..
တကြိမ်ပဲပြောပြပေးပါ .. ကျွန်မရဲ့နှလုံးသားက မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့တယ်လို့ပေါ့ ..

အိမ်အရောက် ပို့ပေးလှည့်ပါ ..
ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး ..
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့ .. ကျွန်မ .. ဦးဆောင်ပေးချင်ရဲ့ ..

ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး .. ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက် ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မကို ခွင့်လွှတ်ပါ ..
ကျွန်မမှာ မျက်နှာနှစ်ခုရှိနေလေရဲ့  ..
တစ်ခုက ကမ္ဘာကြီးအတွက် ..
နောက်မျက်နှာတစ်ခုက ဘုရားသခင်အတွက် ..
ကျွန်မကို ကယ်ဆယ်ပါ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မရဲ့ ရှုမျှော်ခင်းဟာ ..
အစိမ်းရောင်၊ အပြာရောင်လင်းလက်နေတဲ့ရေတံခွန်နဲ့အတူ ..
အောက်ခြေကပေါ်ထွက်လာတဲ့ အလှတရားတို့နဲ့အတူ ..
အမြဲ လွတ်လပ်စွာ .. တလက်လက်တောက်ပလို့.
ကျွန်မကို အဲဒီအပြာရောင်အလင်းတောက်တောက်အောက် .. နာကျင်မှုတွေအောက် .. မိုးရေတွေအောက် အားကုန်ပို့ဆောင်ပေးပါ ..
ကလေးတစ်ယောက်အတွက် အိပ်ရာဝင်အနမ်း အချိန်မှီပေးသလို .. ကျွန်မရဲ့ ချော့မြူတဲ့သီချင်းက ဓါးသွားထက်ရှရှတွေကို ယိမ်းယိုင်စေမယ် ..
ဖျော့တော့တော့ လရဲ့ အလင်း မပီမပြင် .. ဖြာကျနေတဲ့ ကမ်းခြေမှာ ကျွန်မတို့ အတူထိုင်ခဲ့ကြတယ် .. အတူ မျှော်လင့်ခဲ့ကြတယ် ..
ဘယ်သူ့ရဲ့အလင်းပြောက်ကများ ရှင့်ကိုရွေးချယ်လိုက်ပါလိမ့် .. ရှင့်ရဲ့အားလုံးကို ရွေးချယ်ခဲ့ပြီ ..
ကျွန်မ စိတ်မကောင်းပါဘူး .. တကယ်ကို စိတ်မကောင်းပါဘူး ..
မတရားမှုတွေက ထပ်ခါ .. ထပ်ခါ ကျူးလွန်ခဲ့ပီးပြီ ..
ကျွန်မသိပါတယ် .. ကျွန်မသေရင် အနားမှာတစ်ယောက်မှမရှိ .. ကျွန်မ သေသွားရလိမ့်မယ်လို့ပေါ့ ..
ဒါပေမဲ့ .. ချစ်ခဲ့ပါတယ်..
ရှင် က သေနတ်သံတွေ ကြားရဖို့ လုံလုံလောက်လောက်ရှင်သန်နေထိုင်ခဲ့ပါတယ် ..
ညတိုင်း စူးစူးဝါးဝါးအော်ဟစ်ရင်း ရှင့်ဘာသာ ရှာဖွေဖို့ လုံလုံလောက်လောက်ရှင်သန်နေထိုင်ခဲ့ပါတယ် ..
ရှင့်ရဲ့ သူငယ်ချင်းတွေက ရှင့်ကို သစ္စာဖောက်ကြတာ မြင်တွေ့ရဖို့ လုံလုံလောက်လောက်ရှင်သန်နေထိုင်ခဲ့ပါတယ် ..
နှစ်တွေအကြာပြီးပဲ ယဇ်ပလ္လင်ထက်မှာ ကျွန်မ .. သားရေပြားနဲ့တုပ်နှောင်ခံခဲ့ရတယ် ..
အခုတော့ ၃မိနစ်ပဲ အချိန်ရတော့တယ် .. ကိုင်း .. စပြီးရေတွက်တော့မယ် ..
ကျွန်မ အမြဲတမ်းတနေခဲ့ရတဲ့ သေခြင်းတရားကို ဒီရေတွေကဆောင်ကြဉ်းပေးနိုင်ဖို့ ဆန္ဒပြုမိပါတယ် ..

ခရစ်တော်ရဲ့ ညာဘက်က ဒုတိယမြောက် ဓါးပြက ကလေးငယ်ကိုသတ်ဖြတ်နေပြီ ..
ကမ္ဘာကြီးက ဒီနေ့ဝမ်းမြောက်ရွှင်လန်းနေပြီ ..
ကျီးကန်းတွေက ပုပ်သိုးနေတဲ့ကဗျာဆရာကို ထိုးဆိတ်ဖဲ့ရွဲ့ရင်း ပွဲတော်တည်ခင်းနေကြပြီ ..
လူတိုင်းပဲ သူတို့ကိုယ်ပိုင်အရာတွေအဆုံးမှာ မြုပ်နှံပစ်ရမှာပါပဲ ..
ကျောက်သားလို နှလုံးသားကို မြှပ်နှံဖို့ ထုပ်ပိုးစရာလဲ လိုမှမလိုတော့တာပဲ ..
ခု သူ့ရဲ့ အိမ်က ငရဲမှာ .. သူ့ကိုငရဲပြည်က ကောင်းကောင်းမွန်မွန်ဧည့်ခံနေကြပြီလေ ..
ခေါင်းလောင်းသံတွေကသူ့ကိုသတ်ဖြတ်နေပြီ .. သူ့ရဲ့နောက်ဆုံးခရီးမှာ ခေါင်းလောင်းသံတွေနဲ့နှုတ်ဆက်နေကြပြီ ..
နံနက်မိုးသောက်တဲ့အခါ .. ညစ်ထေးတဲ့ ချစ်ခြင်းမေတ္တာတွေပဲ လှည့်ပတ်ကစားရင်းကျန်ရစ်တယ် ..
ရှင့်ရဲ့ သူငယ်ချင်းတွေက အရှက်ကင်းမဲ့လောက်အောင်ပဲ  ဟန်လုပ်သရုပ်ဆောင်တာလေးတောင် မပီပြင်ခဲ့ကြပါဘူး ..
ရှင့်ရဲ့ အခေါင်းကို တံတွေးနဲ့ ပစ်ကနဲထွေးကြတယ် ..

ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး ..
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့ .. ကျွန်မ .. ဦးဆောင်ပေးချင်ရဲ့

ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက် .. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မကို ခွင့်လွှတ်ပါ ..
ကျွန်မမှာ မျက်နှာနှစ်ခုရှိနေလေရဲ့  ..
တစ်ခုက ကမ္ဘာကြီးအတွက် ..
နောက်မျက်နှာတစ်ခုက ဘုရားသခင်အတွက် ..
ကျွန်မကို ကယ်ဆယ်ပါ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက် .. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..


'ဒီနေ့ ကျွန်မတို့အရှင်သခင်ရဲ့ ၂ဝဝ၅ခုနှစ် .. တူရိုမာစ့်က ကမ္ဘာကြီးကိုစောင့်ရှောက်ဖို့ အားလုံးကိုသတိပေးလိုက်ပြီ .. လှပတဲ့နေ့တစ်နေ့စီမှာ သူ .. ငိုကြွေးတာတွေ ရပ်တန့်လိုက်ပြီ .. သူရေးလိုက်တဲ့သီချင်းက သိပ်ရှည်လျားတယ် .. ငြိမ်ငြိမ်ဆိတ်ဆိတ်လဲမရှိဘူး .. သူ .. ဗလာဟင်းလင်းဖြစ်မှုနဲ့ သေခြင်းတရားကို တွေလိုက်ပြီ ..
သူ့ရဲ့မျက်နှာမှာ အပြုံးတစ်ခုဆင်မြန်းလို့ .. ဘောပင်တစ်ချောင်းကိုင်စွဲလို့ .. ဖျက်ရာပြင်ရာတွေဗရပွပါနေတဲ့စာရွက် ၁ဝဝဝ နဲ့အတူ ..
ကယ်ဆယ်ပါတဲ့ ..

ကလေးငယ် .. စိတ်အေးချမ်းသာနားနေပါ ..

အခု အိမ်ကိုရောက်လှည့်ပါပြီ ..
အိုး .. ဘယ်အချိန်ထဲက .. မင်း .. အေးစက်တုန်ယင်နေခဲ့ပါလိမ့် ..
ဓါးသွားတွေ တဖြည်းဖြည်းလျော့ပါးပျောက်ဆုံးကုန်ပါလိမ့်မယ် ..
မင်းလိုနေသမျှအရာအားလုံးက အချစ်ကိုခံစားမိဖို့ပါ ..
အလှအပတရားကိုရှာဖွေပါ .. မင်းရဲကမ်းခြေကို ရှာပါ ..
အရာအားလုံးကို ထိမ်းသိမ်းဖို့ကြိုးစားပါ .. ထပ်ပြီး .. မနာကျင်ပါစေနဲ့တော့ ..
မင်းဆီမှာ အဲဒီလို ပင်လယ်သမုဒ္ဒရာတွေရှိနေပါပြီ ..
နောက်ဆုံးမှာတော့ ..
ငါ မင်းကို အမြဲချစ်လို့နေဦးမှာပါကွယ်။         ။

မဉ္ဇူရီ